Wednesday, July 18, 2007

ဦးအောင်ငြိမ်းချမ်းရဲ့ ကိုယ်ရေးအကျဉ်း

အဖ ဦးအေးမောင်၊ အမိ ဒေါ်အုန်းခင်တို့မှ ၁၉၃၅ခုနှစ်တွင် မန္တလေးမြို့၌မွေးဖွားသည်။

မတ္တရာအစိုးရမူလာတန်းကျောင်း၊ ဘီဘီအိုအေ အစိုးရအလယ်တန်းကျောင်းနှင့် အမှတ်(၁)

အစိုးရအထက်တန်းကျောင်း မန္တလေးတို့တွင် ပညာဆည်းပူးခဲ့သည်။ မန္တလေးတက္ကသိုလ်မှ

ဝိဇ္ဇာဘွဲ့(မြန်မာစာ)ရရှိခဲ့ပြီး၊ မူလတန်းကျောင်းအုပ်၊ မင်းဝံနည်းပြ မြန်မာစာဆရာ၊ အထက်တန်းရှေ့နေ စသည့်တာဝန်များ ဆောင်ရွက်ခဲ့သည်။

မန္တလေးအပတ်စဉ်ထုတ် သတင်းဂျာနယ်တွင် အယ်ဒီတာအဖွဲ့ဝင်နှင့် တာဝန်ခံသတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၉၇ခုနှစ်တွင် ''မြန်မာ့ရိုးရာ သပိတ်လက်မှုပညာ'' စာမူဖြင့် မြန်မာ့ယဉ်ကျေးမှု အနုပညာစာပေ ပထမဆု။

၁၉၉၉ ခုနှစ်တွင် 'မြန်မာ့ဓလေ့ခါသင်္ကြန်'' စာမူဖြင့်မြန်မာ့ယဉ်ကျေးမှု အနုပညာဆိုင်ရာ စာပေ ဒုတိယဆု။

၂၀၀၂ ခုနှစ်တွင် ''ကြေးသွန်းကြေးခတ် ပန်းတဉ်းအတတ်'' စာမူဖြင့်

မြန်မာ့ယဉ်ကျေးမှုအနုပညာဆိုင်ရာ စာပေ ဒုတိယဆု

၂၀၀၄ ခုနှစ်တွင် ''ရွှေဘုံရွှေနန်းအမရပူရကြငှန်း'' စာမူဖြင့် သုတပဒေသာဝိဇ္ဇာ စာပေ

ု။

၂၀၀၅ ခုနှစ်တွင် ''နန်းထိုက်တော်ဝင်မင်းဥယျာဉ်''စာမူဖြင့်မြန်မာ့ယဉ်ကျေးမှု အနုပညာစာပေ ပထမဆု ရရှိခဲ့သည်။

၁၉၉၉ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေစာပေဆုပြိုင်ပွဲ၌ ''မြနန္ဒာရေချိုသမ်း'' စာမူဖြင့် သုတေသနဆိုင်ရာ စာပေ ဒုတိယဆု။

၂၀၀၀ ခုနှစ်တွင် ''သာမောဖွယ်အောင်ပင်လယ်'' စာမူဖြင့် သုတေသနဆိုင်ရာ စာပေ တတိယဆု။

၂၀၀၁ ခုနှစ်တွင် ''မြန်မာမှုမြန်မာစာသျိုးလိုက်ရတု လေ့လာမှု အဖြာဖြာ'' စာမူဖြင့် သုတေသနစာပေ တတိယဆု။

၂၀၀၂ ခုနှစ်တွင် ''မက္ခရာသို့သုတေသနခရီးသွားမှတ်တမ်း''စာမူဖြင့် သုတေသနဆိုင်ရာ စာပေ ပထမဆု။

၂၀၀၆ ခုနှစ်တွင် ''သုတေသနခရီးသွား ပင်းယ၊ အင်းဝမှတ်တမ်းများ'' စာမူဖြင့် သုတေသနစာပေဒုတိယဆု ရရှိခဲ့ပါသည်။ ဘာသာရေးနှင့် သုတဆိုင်ရာ စာအုပ်စာပေများလည်း ပြုစုခဲ့ပါသည်။

ယခုအခါ အေစတား အီလက်ထရောနစ်ပြင်ဆင်၊သင်ဌာနအမှတ် ၁၃၇/၁၀။ ၃၃_၃၄လမ်းကြား။ ၇၅လမ်း မန္တလေးမြို့တွင် နေထိုင်လျက် ၊ မြန်မာမှုခိုင်မာရေး၊ မြန်မာစာတိုးတက်ရေးတို့အတွက် အပြန်လမ်းမမျော်သောဝိ၀ဋ္ဋကုသိုလ်အလို့ငှာကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျ ကြိုစားအားထုက်လျက်ရှိပါသည်။

အမည်ရင်းမှာ ဦးခင်မောင် ဖြစ်ပါသည်။

Tuesday, June 12, 2007

တကယ်လုပ်အဟုတ်ဖြစ် လူသားတို့အတွက် သစ္စာတရား




အောင်ငြိမ်းချမ်း(မန်းတက္ကသိုလ်)

ပဏာမစကား

မှန်စွာပြောခြင်းသည် လူမျိုးမရွေး၊ ဘာသာမခြား၊ ကမ္ဘာသူကမ္ဘာသားဟူသမျက နှစ်သက်လက်ခံ နိုင်ကြသောတရားစု တစ်ခုဖြစ်၏။ ထိုတရားကို မပြောက်မကြား၊ ခိုင်ခိုင် တည်ဆောက်ထားနိုင်သူများမှာ အကျိုးရကာ ငြိမ်းချမ်းသာယာ၏။ တစ်ဦးချင်း ဘ၀ ငြိမ်းချမ်းမှု ရလျင် ကမ္ဘာကြီးလည်း မုချဆတ်ဆတ် ငြိမ်းချမ်းသာယာမှု ရလည်ပင်ဖြစ်၏ဟု မမှိတ်မသုန် ယုံကြည်ပါသည်။ ထိုကြောင့် အများပြောအမှန် (Conventional Truth)ကို အခြေခံထား၍ တရားသဘောအမှန် (Ultimate Truth)လမ်းစကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျ အနှစ်ထုတ်၍ အမျဉ်းချုပ် တင်ပြလိုက်ပါသည်။ သစ္စာကို လူမှန်သမျ ကိုယ်စီကိုယ်ငှ လက်တွေ့ကျကျ ကျင့်ကြံရ၍ အကျိုးများစေကြောင်း တရားစသည်မောင်း ရိုက်ညောင်းပါသည် သူတော်ကောင်းအပေါင်းတို့။

အောင်ငြိမ်းချမ်း (မန်းတက္ကသိုလ်)

မာတိကာ

အပိုင်း(၁)

၁။ အမှန်တရား

၂။ အမှန်တရား သစ္စာစကား

၃။ သမ္မုတိသစ္စာ

၎။ ပရမတ္ထသစ္စာ

၅။ သမ္မုတိပရမက် သစ္စာနှစ်ရပ်

၆။ ဒါန၊ သီလ၊ သမထ

၇။ သူ့နယ်နှင့်သူ အမှန်ယူ

၈။ ဘုရားဖြစ်၇န် သစ္စာအခြေခံ

၉။ ပါရမီတော် ဆယ်ပါး

၁၀။ အာဠာဝကမေး ဗုဒ္ဓဖြေ သစ္စာအထွေထွေ

၁၁။ သစ္စာ(၂)ပါး

၁၂။ သစ္စာ(၃)ပါး

၁၃ သစ္စာ၊ မုသား၊ ပြိန်ဖျင်းသောစကား

၁၄။ သစ္စာတရား တည်အောင်ထား

၁၅။ သစ္စာစကား ဆိုရိုးများ

၁၆။ သစ္စာ နှင့် ကတိ

၁၇။ ကတိအနက် ဖွင့်ဆိုချက်

အပိုင်း(၂)

၁၈။ ထုံးဟောင်း သာဓက သစ္စာအကျိုးရ

၁၉။ အသက်ကို ရှင်စေခြင်း

၂၀။ မီးဘေးကို တားနိုင်ခြင်း

၂၁။ ရေဘေး၊ လေဘေး ကာကွယ်ခြင်း

၂၂။ ကန်းပြီးမျက်စိ ပြန်မြင်ခြင်း

၂၃။ အကျဉ်းအချုပ်မှ လွက်ကင်းခြင်း

၂၄။ ရောဂါပျောက်ကင်း ချမ်းသာခြင်း

၂၅။ နူနာရောဂါ ပျောက်ကင်းခြင်း

၂၆။ မီးဖွားရ လွယ်ကူစေခြင်း

၂၇။ ကပ်ဘေးဆိုးတို့မှ လွတ်မြောက်ခြင်း

၂၈။ ဂင်္ဂါမြစ်ရေ အညာဆန်

၂၉။ ကျမ်းကိုးစာရင်း

ဂါရ၀တရား

ဤစာတမ်းငယ်အတွက် ဖော်ပြချက်တွင် ပုဒ်ထီး၊ ပုဒ်မ မကျန် ပြုပြင်၍ နည်းလမ်း ညွှန်ပြ ဆုံးမသြ၀ါဒ ပေးတော်မူသော ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်( ဘဒ္ဒန္တဒေါက်တာ ကုမာရဘိဝံသ၊ အဂ္ဂမဟာဏ္ဍိတ၊ အဂ္ဂမဟာဂန္တ၀ါစက၊ ဒုတိယပါမောက္ခချုပ် ဆရာတော် (သင်ကြား) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်) အား သဂါရ၀ ဦးနှိမ်ချ၍ ရိုသေစွာ ကန်တော့ပန်းဆင်ပါသည်။

အောင်ငြိမ်းချမ်း (မန်းတက္ကသိုလ်)

နမော တဿ ဘဂ၀တော အရဟတော

သမ္မာသဗ္ဗုဒ္ဓဿ

အပိုင်း(၁)

အမှန်တရား

သင် မည်သည်ကို ရသူချင်ပါသနည်း၊ သို့မဟုတ် လိုရာဆုတောင်းပါဆိုလျင် ဖြေဆို၊ တောင်းခံသူက မိမိ၏မျက်မှောက် ဘ၀တွေ့ကြုံခံစားမှုတို့အပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်သော ဆန္ဒကို ထုတ်ဖော်တင်ပြကြပေမည်။အသက်ရှည်ရာ အနာမဲ့ကြောင်း တောင်းဆုချွေသကဲ့သို့ ကျိကျိတက်ဖွေးဖွေး ငွေကြေးဓန ပေါကြွယ်ဝ လိုကြောင်းဖြေသူများလည် ရှိမည်။ အိမ်ထောင်ရေး၊ အချစ်ရေးအဆင်ပြေလိုသူများမှအစ တထီးလွှားလွှား တျော်တြား ထင်ရှား လိုသူများလည်း ပါဝင်ကြပေမည်။ တစ်ဦးနှင့်တစ်ဦး ဘ၀ပေးအခြေအနေများ ကွာခြား သည်နှင့်အမျ လိုအင်ဆန္ဒများလည်း ကွဲပြားကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ လူအမျိုးမျိုး၊ ဘ၀အထွေထွေ၊ စိတ်ကူးအဖုံဖုံ၊ ဆန္ဒမျိုးစုံဖြစ်ကြပေမည်။

ဖြေဆိုဖော်ပြတောင်းခံသမျလိုအင်ဆန္ဒတို့ကို တစ်လုံးတစ်ဝတည်း ဒိဠဓမ္မ အပြည့်ရ စေသောအရာသည် လူတိုင်းတွင် ကိုယ်စီကိုယ်ငှရှိကြ၏။ ထိုအရာသည် ချမ်းသာလိုသူ တို့အတွက် မိမိပိုင် ပြည်တန်ပတ္တမြားထက် တန်ဘိုးကြီး၏။ အနာရောဂါ စွဲကပ်သူတို့အတွက် သောက်ဆေး၊လိမ်းဆေး စသော ဆေးတကာတို့ထက် အစွမ်းထက်၏။လိုအင်ဆန္ဒ မှန်သမျတို့အတွက် အင်း၊ အိုင် ၊ ခါးလှည့် လက်ဖွဲ့၊ မန္တန်များထက် သိဒ္ဓိဂုဏ်ရောက် ပြီးမြောက်၏။ လောကီဝိဇ္ဇာ အတတ်ပညာတို့ထက်လည်း စေတစ်လုံးပိုင်၏။ ဆင်းရဲမှုမှန်သမျ ခ၀ါချပြီး ချမ်းသာမှုအပေါင်း ပေးစွမ်းနိုင်၏။ မျက်မှောက်ဘ၀ ချမ်းသာရရုံမျမက နောက်ဆုံးဘ၀ နိဗ္ဗာန်ရနိုင်၏။ ဆ,ူlဆုပန်ရှိပါလျင်မူ ဘုရားစင်စစ် ဧကန်ဖြစ်သည်အထိ အချက်ကျကျ ထောက်ပံ့ ပေးစွမ်းနိုင်၏။ ထိုသို့ အဲ့ဘနန်းချင်း ပြိုင်ဘက်ကင်းသော အရာသည် အခြားမဟုတ် အမှန်တရားပင်ဖြစ်ပါသည်။

အမှန်တရား သစ္စာစကား

အမှန်တရားဆိုသော စကားမှာ ပါဠိဘာသာ သစ္စာမှ မြန်မာပြန်ဆိုထားခြင်း ဖြစ်သည်။ အဘိဓာနပ္ပ ဒီပိကာ ကျမ်းတွင် ''သစ္စာသဒ္ဒါသည် နိဗ္ဗာန် အရိယမဂ်၊ မုသာဝါဒမှ ရှောင်ခြင်း (၀ိရတိစေတသိက်)၊ ကျိန်ဆိုခြင်း၊ ကောင်းသောစကား ပြောဆိုခြင်း မှန်ကန်ခြင်း၊ အရိသာသစ္စာ ၄ ပါးစသည့် အနက်အဓိပ္ပါယ်ရှိကြောင်း'' ဖွင့်ဆိုပါသည်။ အင်္ဂလိပ် ဘာသာစကား အရ မှန်ကန်ခြင်း၊ တိကျခြင်း ၊ ရိုးဖြောင့်ခြင်း၊ အစစ်အမှန်ဖြစ်ခြင်းစသော အဓိပ္ပါယ်ရသည့် (Truth) နှင့်ဆင်တူသည်။

ထို့ကြောင့် အကျဉ်းအားဖြင့် မဖောက်မပြန် မှန်ကန်သောကြောင့် သစ္စာမည်၏ဟု မှတ်သားအပ်ပေသည်။ ထိုသစ္စာကို မြတ်ဗုဒ္ဓအလိုတော်ကျ နှစ်ပါးခွဲခြားပြနိုင်သည်။ (၁) အများပြောအမှန် သမ္မုတိသစ္စာ (Conventional Truth)နှင့် (၂)တရားသဘောအမှန် ပရမတ္ထသစ္စာ (Ultimate-Truth)ဟူ၍ပင်ဖြစ်ပါသည်။

၁။ နိဗ္ဗာန၊ မဂ္ဂ၀ိရတိသပထေသုဘာသိတေ သစ္စေအရိသ သစ္စမှိ ဒိဠယံသစ္စ၀ိရတိယံ။ အဘိဓာနပ္ပ ဒီပိကာကျမ်း။

သမ္မုတိသစ္စာ

သမ္မုတိသစ္စာဆိုသည်မှာ လောကလူတို့ အညီအညွှတ် သတ်မှတ်ခေါ်ဝေါ်ချက်အရ ထုံးတမ်းစဉ်လာ အမှန်တရားဖြစ်သည်။ တစ်နည်းအားဖြင့် အများပြော အမှန်ဖြစ်သည် ကထာဝတ္ထုပါဠိတော် တွင်လည်း '' အခေါ်ဝေါ် ပညတ်စကားသည် မှန်၏။ အဘယ့်ကြောင့် မှန်ပါသနည်း ဆိုသော် လောကလူအပါင်းတို့က ခေါ်ဝေါ်အပ်၊ သမုတ်အပ်သောကြောင့်ပေတည်း''ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် လူကို လူဟုလည်းကောင်း၊ နွားကို နွားဟုလည်းကောင်း၊ သစ်ပင်ကို သစ်ပင်ဟုလည်းကောင်း၊ အမှန်ပြောဆိုခြင်းမျိုးသည် လူတို့သတ်မှတ်ထားသည့်အတိုင်း ပြေဆိုခြင်းမည်၏။ ထို့ကြောင့် လောကလူတို့ သမုတ်ပညတ် အမည်မှတ် သစ္စာ သို့မဟုတ် သမ္မုတိသစ္စာ အမျိုးအစားတွင် ပါဝင်၏ဟုဆိုရပေမည်။

သို့ရာတွင် လောကလူတို့ မှတ်သားပညတ်ထားချက်တစ်ခုကို သိလျက်နှင့် တမင်ငြင်းဆိုခြင်း၊ တလွဲပြောခြင်း၊ မှားယွင်းဖော်ပြခြင်း၊ လှည့်ပတ်ခြင်းပြုလျှင် သမ္မုတိသစ္စာ ပျက်သည်။သမ္မုတိသစ္စာ၏ ဆန့်ကျင်ဘတ်တရား မုသာဝါဒ(လိမ်လည်ပြောဆိုရာ) ကျရောက်သည်။ လူကိုလူ မှန်းသိလျက် လူမဟုတ်ဟုငြင်းဆိုခြင်း၊ အခြားသတ္တ၀ါ သို့မဟုတ် လူမဟုတ်သော အခြားတစ်ပါး ဖြစ်သည်ဟု တမင်အလွဲပြောခြင်း စသည်တို့ပင် ဖြစ်ပါသည်။ ယင်းသို့ဖြစ်သောကြောင့် လူအများလက်ခံသတ်မှတ်ချက်အရှိကို မကွေ့မကောက် ဖြောင့်ဖြောင့်ဆိုခြင်းမှာ သမ္မုတိသစ္စာဖြစ်၏။ တစ်နည်းအားဖြင့် လောကီသစ္စာဖြစ်၏ဟု မှတ်သား အပ်ပါသည်။

၂။သင်္ကေတ၀စနံ သစ္စံ လောကသမ္မုတိ ကာရဏံ။ကထာဝတ္ထုပါဠိတော်။

ပရမတ္ထသစ္စာ

ပရမတ္ထသစ္စာဆိုသည်မှာ ပင်ကိုယ်သဘာဝအားဖြင့် အပြီးသတ်မှန်ကန်ခြင်းပင် ဖြစ်သည်။ တရားသဘောအမှန်ဟုလည်း ဆိုနိုင်သည်။ ကထာဝတ္ထု ပါဠိတော်တွင်လည်း ရုပ်၊နာမ်နှင့်စပ်သော စကားသည် မှန်၏။ အဘယ်ကြောင့်မှန်ပါသနည်းဆိုသော် ရုပ်နာမ် နိဗ္ဗာန်တရား၌ မှန်သောလက္ခဏာရှိသောကြာင့် ပေတည်းဟု ဖွင့်ပြထားသည်။ တစ်နည်းအားဖြင့် ပရမတ္ထသစ္စာဆိုသည်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ခန္ဓာ၊ အာယတန၊ ဓာတ် အစရှိသော ရုပ်၊ နာမ်၊ နိဗ္ဗာန်နှင့်ဆိုင်သည့် တရားများပင် ဖြစ်သည်။ ထိုပရမတ္ထသစ္စာတရားတို့၏ မှန်ကန်ထင်ရှားမှုသည်။ ဖောက်ပြန်မှားယွင်းသောအမြင် ၀ိပလ္လာသ မဖြစ်နိုင်ပေ။ အသိမှား၊ အမှတ်မှား၊ အယူမှား၊ ၀ိပလ္လာသတရားများကို ပယ်နိုင်ကြောင်းပင် ဖြစ်သည်။

ထိုသို့ပယ်မှသာ အနိစ္စကို နိစ္စထင်ခြင်း၊ ဒုက္ခကို သုခထင်ခြင်း အနတ္တကို အတ္တထင်ခြင်း၊ အသုဘကို သုဘထင်ခြင်း တို့တွင် အသိ၊ အမှတ် ၊ အယူမှားတို့ မဖြစ်သဖြင့် လောကုတ္တရာသစ္စာ အမြင်ရကာ သံသရာဝဋ်မှ လွတ်မြောက်နိုင်ပေသည်။ ပရမတ္ထသစ္စာပျက်လျင် အနိစ္စကို နိစ္စထင်၏။ ဒုက္ခကို သုခထင်၏ အနတ္တကို အတ္တထင်၏။ အသုဘကို သုဘထင်၏။ ထို့ကြောင့် အသိ၊ အမှတ်၊ အယူမှားယွင်းယူမိသဖြင့် မိစ္ဆာဒိဠိဖြစ်ပါသည်။ မိစ္ဆာဒိဠိဖြစ်လျင် သံသရာမှ လွတ်မြောက်လမ်း မမြင်ပါ။ ဆင်းလမ်းသက်သက်တွင် စောက်ထိုးဆင်းရန်ပင်ရှိပါသည်။

သမုတိ၊ ပရမတ်သစ္စာနှစ်ရပ်

သတ္တလောကတွင် လူ၊ နတ်၊ ဗြဟ္မာ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါစသည်ဖြင့်လည်းကောင်း၊ သြကာသလောကတွင် သစ်ပင်တောတောင် စသည်ဖြင့် လည်းကောင်း လူတို့က အမြင်အတိုင်း အရှိထား၍ မှတ်သားသည့် ဖြစ်မှု၊ သိမှု၊ ပျက်မှုအစဉ်တို့ မပိုင်းမခြားသော သမ္မုသိသစ္စာနယ်ဖြစ်သည်။ ဗုဒ္ဓဘုရားက ပရမတ္ထသစ္စာခိုင်မာကြောင်း ပြရာတွင် သမ္မုတိသစ္စာနယ်ကို ထောက်ပြကိုးကား ဟောကြားခဲ့သည်လည်း တွေ့ရသည်။ ထင်ရှားခြင်းဖြင့် အကျိုးများနိုင်စေရန် လူနတ်၊ ဗြဟ္မာ၊ သတ္တ၀ါနှင့် တောတောင်စသော ပညတ်မှတ်သားချက်ကို အရှိထား ဟောကြားခြင်း ဖြစ်ပါသည်။ ပုဂ္ဂိုလ်သတ်မှတ်ချက်များ ခွဲခြားပြသော ပုဂ္ဂလပညတ်ကျမ်းတွင် အထူးသဖြင့် တွေ့နိုင်ပါသည်။

ဒါန၊ သီလ၊ သမထ

အလှူရှင် ပုဂ္ဂိုလ် သတ္တ၀ါသတ်မှတ်ချက်၊ အလှူခံ ပုဂ္ဂိုလ်သတ္တ၀ါသတ်မှတ်ချက် ၊အလှူပစ္စည်း သတ်မှတ်ချက်တို့ ရှိ၍သာလျင် ဒါနအကြောင်း ဟောပြောဆုံးမခဲ့သည်ကို ထင်ရှားစွာ နာကြားမှတ်သာခွင့်ရခြင်း ဖြစ်ပါသည်။

ခိုးသူ ပုဂ္ဂိုလ် သတ္တ၀ါသတ်မှတ်ချက်၊ အခိုးခံ ပုဂ္ဂိုလ် သတ္တ၀ါသတ်မှတ်ချက် ၊ ခိုးယူပစ္စည်းသတ်မှတ်ချက်တို့ ရှိ၍သာလျင်ခိုးမှု အဒိန္နဒါနသိလအကြောင်း ဟောပြောဆုံးမခဲ့သည်ကို ထင်ရှားစွာ နာကြားမှတ်သားခွင့်ရခြင်း ဖြစ်ပါသည်။ထိုနည်းတူ ကျန်သီလများကိုလည်း ပညတ်တရားအရှိထားဟောပြောကြားနိုင်သဖြင့် လွယ်ကူရှင်းလင်းစွာ မှတ်သားရကြောင်း သိခွင့်ရပါသည်။

မေတ္တာပို့သူပုဂ္ဂိုလ် သတ္တ၀ါသတ်မှတ်ချက်၊ မေတ္တာအပို့ခံပုဂ္ဂိုလ် သတ္တ၀ါသတ်မှတ်ချက်နှင့် ချစ်ခြင်းတရား သတ်မှတ်ချက်များ ရှိခြင်းဖြင့်လည်းကောင်း၊ ဗုဒ္ဓဘုရားနှင့် ဗုဒ္ဓဘုရားဂုဏ်အာရုံခံသူရှိခြင်းဖြင့်လည်းကောင်း သမထတရား အထင်အရှား ဟောကြားနိုင်ခဲ့ခြင်းဖြစ်ပါသည်။

သူ့နယ်နှင့်သူအမှန်ယူ

သမ္မုတိသစ္စာကို သမ္မုတိနယ်မှ အမှန်ယူ၍ ပြောဆိုခြင်းသည် မှန်သောစကားကို ဆိုသည်မည်၏။ သမ္မုတိသစ္စာတည်သည် ဟုလည်းဆိုနိုင်၏။ ထိုနည်းအတူ ပရမတ္ထသစ္စာကိုလည်း ဓာတ်သဘာဝ၊ ဓမ္မသဘာဝနှင့် အဖြောင့်ကျသဖြင့် အမှန်မည်၏။ ပရမတ္ထသသစ္စာတည်ခြင်းဟုလည်း ဆိုနိုင်၏။ ထို့ကြောင့် သမ္မုတိသစ္စာအမှန်ကို အခြေခံထား၍ ပရမတ္ထသစ္စတရားကို အမှားဟုမဆိုသင့်မဆိုထိုက်ပါ။ ထိုသို့ဆိုပါက အယူမှားမိစ္ဆာဒိဋ္ဌိဖြစ်၏။ တစ်ဖန် ပရမတ္ထအမှန်ကို အားသန်သဖြင့် သမ္မတိအမှန်ကိုလည်း မပယ်လှန်သင့်၊ မပယ်လှန်ထိုက်ပါ။ ထိုသို့ပယ်လှန်ပါက မောင်နှင့်နှမ၊ သားနှင့်အမိ၊ ဆရာနှင့်တပည့်၊ လင်နှင့်မယားမှအစ ခွဲခြားသတ်မှန်ရန်ခက်သကဲ့သို့ ဒါန၊ သီလ၊ သမထနယ်ကိုလည်း အသိခက်ရပေမည်။ တစ်ဖန် သမ္မုတိသစ္စာပျက်လျင် မုသာဝါဒကံထိုက်သောကြောင့် သီလမရှိသဖြင့် သမာဓိဖြစ်ရန် မလွယ်ပါ။ သီလသမာဓိမရှိလျင် အဘယ်မှာ ပညာရှိအံ့နည်းဟု မေးစရာဖြစ်လာပါသည်။

ယင်းသို့ဖြစ်သောကြောင့် သမ္မုတိသစ္စာနယ်တွင် အများသဘောအညီ သမ္မုတိသစ္စာကို အမှန်ထား၍ စောင့်ထိန်းကာ အမှန်အတိုင်းပြောဆိုခြင်းဖြင့် သီလတည်အောင် ကြိုးစားဆောင်ရွက်သင့်၏။သီလမြဲမှု ခွန်အားစုကို အခြေခံပြုပြီး မဖောက်မပြန် အလုံးစုံမှန်သော ရုပ်နာမ်ဓမ္မသင်္ခါရတရား ပရမတ္ထအမြင်တို့ကို ထင်ရှားအောင် ကြိုးစားနှလုံးသွင်းသင့်၏။ ထိုသို့ နှလုံးသွင်းခြင်းဖြင့် အထင်မှားဖောက်ပြန်မှုတရား ၀ိပလ္လာသများ မဖြစ်မူ၍ အနတ္တ ဉာဏ်အမြင် ရှင်းရှင်းထင်ကာ တစ်ဆင့်ထက် မြင့်သည်ထက်မြင့်ကာ ဘုရား၊ ပစ္စေကဗုဒ္ဓာ၊ ရဟန္တာအဖြစ်သို့ ရောက်ပြီး နိဗ္ဗာန်ချမ်းသာရနိုင်၏ဟု ဘုရားဟောသာဓကများ ရှိပါသည်။

ဘုရားဖြစ်ရန် သစ္စာအခြေခံ

ကံငါးပါးဟုဆိုအပ်သော လူတို့မလွဲမသွေ ထိန်းစောင့်အပ်သည့် ပြုလုပ်မှုငါးခုရှိသည်။ ငါပါးသီလအမည်ရသည့် (၁)သူ့အသက်သတ်ခြင်း၊ (၂) သူ့ဥစ္စာခိုးခြင်း၊ (၃) အိမ်ရာမှားယွင်းခြင်း၊ (၄) လိမ်ပြောခြင်း(သို့) မဟုတ်မမှန်စကားဆိုခြင်း၊ (၅) မူးယစ်စေသောအရာကို သုံးစွဲခြင်းတို့မှ ရှောင်ခြင်း ပင်ဖြစ်သည်။ ဤကံငါးပါးထိန်းမှုသည် လူ့အဖွဲ့အစည်းအတွက် အရှိမဖြစ် လိုအပ်ကြောင်းမှာ ထင်ရှားပြီးဖြစ်ပါသည်။ ရဟန်းပညာရှိ လူပညာရှိတို့က ဒေသနာကျကျ ဟောပြဆုံးမခြင်း သာမက ကျမ်းအစောင်စောင် ရေးဖွဲ့ရခဲ့သည်တို့လည်း ရှိပါသည်။ ယင်းသို့ဖြစ်သောကြောင့် ဤစာတမ်း၌ ငါးပါးသီလတွင် တစ်ပါးအပါအ၀င်ဖြစ်သော မုသားမဆိုခြင်းသီလ သို့မဟုတ် ဘုရားအလောင်းတော်တို့ ဆည်းပူးတော်မူသော ပါရမီဆယ်ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သည့်မှန်စွာပြောခြင်း သစ္စာ၏ အရေးကြီးပုံကို တစ်ခန်းတစ်ကဏ္ဍ ဗန်းတင်ပြလိုပါသည်။

ဘုရားအလောင်းတော်တို့သည် သစ္စာအပါအ၀င် ပါရမီးဆယ်ပါးကို ဖြည့်ဆည်းခဲ့ကြသည်။ အချို့ဘ၀တွင် ဒါနပါရမီ၊ အချို့ဘ၀တွင် သီလပါရမီစသည်ဖြင့် အလေးပေးဖြည့်ဆည်းခဲ့သည်လည်း ရှိသည်။ မည်သည့်ဘ၀တွင် မည်သည့်ပါရမီကို အဓိကထားဆည်းပူးသည်ဖြစ်စေ၊ မဆည်းပူးသည်ဖြစ်စေ သစ္စာပါရမီကိုမူ အကျိုးမပေါက် အသက်ရှိသမျှ စောင့်ရှောက်သင့်သည်။ စောင့်ရှောက်ပုံသုံးမျိုးတွေ့ရသည်။ (၁) အမှန်ပြောခြင်း( သစ္စာပါရမီ)၊ (၂) အသက်မှ အပဖြစ်သော ကိုယ်အင်္ဂါကို စွန့်လွှတ်ရမည် ဆိုသော်လည်း မတွန့်မဆုတ်စွန့်လွှတ်၍ အမှန်ပြောခြင်း (သစ္စဥပပါရမီ)၊ (၃) အသက်ကို စွန့်ရမည်ဆိုသော်လည်း မတွန့်မဆုတ် စွန့်လွှတ်၍ အမှန်ပြောခြင်း (သစ္စပရမတ္ထပါရမီ) တို့ပင် ဖြစ်ပါသည်။

ထို့ကြောင့် -

(၁) သူသတ်သမားကြီးဖြစ်ပါစေ

(၂)ခိုးသားကြီးဖြစ်ပါစေ

(၃) မုဒိန်းကောင်ကြီးဖြစ်ပါစေ

(၄)ယစ်ထုပ်ကြီးဖြစ်ပါစေ

သင် ဘုရားအလောင်းတော်မဟုတ်ဟု မဆိုနိုင်ပါ။

သို့သော်လည်း ကျန်သီလ ၄ ပါးကို လုံသော်လည်း မုသားစကားဆိုသူများကိုမူ သင်ဘုရားအလောင်း မဟုတ်ဟု မုချဆတ်ဆတ်ဆိုအပ်ပါသည်။ ထိုသို့ဖြစ်၍ မှန်သောစကား ဆိုခြင်းသည် ဘုရားအလောင်းတော်တို့ မချိုးမဖောက် စောင့်ထိန်းခဲ့ကြသော သစ္စာပါရမီဖြစ်၏။ မုသာဝါဒကံ ထိန်းသိမ်းခြင်းလည်း မည်၏။ ထို့ကြောင့် ဘုရားစင်စစ် ဧကန်ဖြစ်လိုသူတို့က သစ္စာကို အုတ်မြစ်သဖွယ် အခြေခံ တည်ရ၏။ မဏ္ဍိုင်သဖွယ် ဗဟိုပြုရ၏။ အသက်သဖွယ် စောင့်ရှောက်ရ၏ဟု သိခွင့်ရပါသည်။ ယင်းသို့ဖြစ်သောကြောင့် မှန်သောစကားကို ဆိုခြင်းသည် မည်မျှအထက်တန်းကျကျ အကျိုးရသည်ဆိုခြင်းကို ကောင်းစွာသိနိုင်ပါသည်။ မန်လည်ဆရာတော်ဘုရားကြီးကလည်း အကုသိုလ်မှာ မုသာဝါဒသည် အလေးဆုံးဖြစ်၏၊ ကုသိုလ်မှာ သစ္စာစကားသည် အလေးဆုံးဖြစ်၏ဟု မဃဒေ၀လင်္ကာတွင် စပ်ဆိုတော်မူခဲ့ခြင်း ဖြစ်ပါသည်။

ဘုရားအလောင်းတော်တို့ ဆည်းပူးသောပါရမီတော်ဆယ်ပါး

(၁)ဒါန -လှူဒါန်းပေးကမ်းခြင်း

(၂)သီလ -ငါးပါး၊ ရှစ်ပါးသီလများ စောင့်ထိန်းခြင်း

(၃)နေက္ခမ - တောထွက်ခြင်း

(၄) ပညာ -အတက်ပညာကို ဆည်းပူးခြင်း၊သင်ပေးခြင်း

(၅) ၀ီရိ - မတွန့်မဆုတ် အားထုတ်ခြင်း

(၆) ခန္တီ - သည်းခံခြင်း (လောကဓံကို တည်ငြိမ်စွာ ခံ၍ လိုရာပန်းတိုင်သို့ လှမ်းချီနိုင်ခြင်း)

(၇) သစ္စာ - မှန်ကန်စွာ ပြောဆိုခြင်း

(၈) အဓိဠာန် - အပြစ်ကင်းသောအရာ၌၊ စိတ်ဖြင့်ဆောက်တည်ခြင်း

(၉)မေတ္တာ - သတ္တ၀ါတို့အား အပြန်လမ်းမမျှော်ဘဲ ကောင်းစားစေလိုသော စိတ်ဖြင့် ကိုယ်နှင့်ထပ်သူ ချစ်ခြင်း၊

ထိုသို့ချစ်သောစိတ်ဖြင့် ပြုလုပ်ခြင်း

(၁၀) ဥပေက္ခာ - ဆင်းရဲချမ်းသာသို့ မရောက်စေလဲ လျစ်လျုရှုခြင်း

အာဠာဝကမေး၊ ဗုဒ္ဓဖြေ သစ္စာအထွေထွေ

တစ်နေ့သော် အနှိုင်းမဲ့သစ္စာရှင် ဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာသည် ဆုံးမလို၍ အာဠာဝဘီလူး ဘုံဗိမာန်တွင် ၀င်ရောက် သီတင်းသုံးနေ၏။ အာဠာဝဘီလူးက မြင်သောအခါ ယမ်းပုံမီးကျ အမျက်ဒေါသ ဟုန်းဟုန်းထလျက် ဗုဒ္ဓအား တိုက်၏။ သို့သော်လည်း အရာမထင်ဖြစ်ခဲ့၏။ အကြမ်းနည်းဖြင့် မနိုင်ကြောင်းသိသော အဠာဝဘီလူးသည် မိဘအမွေ ဖြစ်သော ကဿပမြတ်စွာဘုရား အမေးအဖြေ ရှစ်ဂါထာမှ အမေးဖြင့် ပညာစမ်း၍ အောင်ပန်းယူရန် အားထုတ်ပြန်၏။အာဠာဝက၏ သစ္စာနှင့် သက်ဆိုင်သော အမေးနှင့် ဗုဒ္ဓ၏အဖြေမှာ အောက်ပါအတိုင်ဖြစ်ပါသည်။(သံ၊၁၊ ၂၁၆-ရ)

၁။အမေး။ အရသာတို့တွင် အဘယ်အရသာသည် အလွန်ချိုမြိန်ပါသည်နည်း။

အဖြေ။ အရသာတို့တွင် မှန်ကန်စွာပြောဆိုခြင်း သစ္စာတရားသည် အလွန်ချိုမြိန်သည်။

၂။ အမေး ။ အဘယ်အကြောင်းကြောင့် ကျော်ဇောသတင်း ဖြစ်နိုင်ပါသနည်။

အဖြေ ။ မှန်ကန်စွာ ပြောဆိုခြင်းကြောင့် ကျော်ဇောသတင်း ထင်ရှားခြင်းဖြစ်နိုင်သည်။

၃။ အမေး ။ အဘယ်အကြောင်းကြောင့် နောင်ဘ၀၌ မစိုးရိမ်ရပါသနည်း။

အဖြေ ။ ယုံကြည်မှုရှိသော အိမ်၏အစီးအပွားကို ရှာတတ်သောသူအား မှန်ကန်ခြင်းသစ္စာ၊ လိမ္မာခြင်းကြိုးစားမှု၊

စွန့်လွှတ်မှုစာဂရှိသဖြင့် နောင်ဘ၀၌ မစိုးရိမ်ရဟုပင်ဖြစ်သည်။

(သစ္စာစောင့်မှုစသော စရဏတရားရှိသဖြင့် နောင်ဘ၀အတွက် စိုးရိမ်မှုမဖြစ်)

ဤသို့ဖြေဆိုသောအခါ အာဠာဝကသည် မာန်လျော့၍ ဗုဒ္ဓအား ဖူးမြော်ကန်တော့ပြီး အဆုံးအမခံယူခဲ့ပါသည်။

မှန်ကန်စွာ ပြောဆိုခြင်းသည် ချိုမြိန်သော အရသာကို ရသဖြင့် မိမိပြုသော ကောင်းမှုအလုပ်ပေါ်တွင် နှစ်သက်ဖွယ်၊ သာယာဖွယ် အဖြစ် အကောင်းမြင်၏။ ထိုသို့မြင်သဖြင့် မိမိကိုယ်ကိုယုံကြည်မှု၊ အားကိုးမှုတို့ဖြစ်၏။ ထိုသို့ဖြစ်ခြင်းကြောင့် စိတ်ဓာတ်ကြံ့ခိုင်မှု စသော စိတ်စွမ်းအားတို့ တိုးပွားလာ၏ဟု ကြောင်းကျိုးယုတ္တိ ဆင်ခြင်ကြည့်နိုင်ပါသည်။ မမှန်သောစကားကို မပြောဖြစ်အောင် ထိန်းသိမ်းဆုံးမထားခြင်း၏ အကျိုးတရားရလာဒ်များဟုလည်း ဆိုသင့်ပါသည်။ ထို့ကြောင့် ဆရာကြီးဦးဆန်းထွန်းကလည်း ကိုယ့်ကိုယ်ကို ဆုံးမထားသောသူသည် တန်ခိုးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ စောင့်စည်းမှုကြောင့် စိတ်ဓါတ်အား၊ ကိုယ်အား ခိုင်ခံ့ကြောင်းတို့ကိုရှေ့သို့ အတွေးအမြင်စာစု စာအုပ်တွင် ဖော်ထုတ်ထားပါသည်။ သစ္စာတည်သော သူတော်ကောင်းသည် ၀ဋ်ဆင်းရဲမှ လွတ်ရာအမှန် နိဗ္ဗာန်တရား အထိရသဖြင့် သစ္စာသည် အချိုမြိန်ဆုံးအရသာဟ သူတော်ကောင်းသည် ၀ဋ်ဆင်းရဲမှ လွတ်ရာအမှန် နိဗ္ဗာန်တရား အထိရသဖြင့် သစ္စာသည် အချိုမြိန်ဆုံးအရသာဟု ဆိုထိုက်လှပါသည်။

မှန်သောစကား ပြောခြင်းဖြင့် ကျော်စောသတင်း ထင်ရှားခြင်း ဖြစ်သည်ဆိုခြင်းမှာ ကောင်းသော အလုပ်ကြောင့်ကောင်းကျိုးရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကျော်စောသည်ဆိုရာတွင် အကြောင်မဲ့ ကျော်စော၍မရပါ။ ရုပ်ရည်ချောမောလှပခြင်းရှိမှ လှပသည်ဟု ကျော်စောသတင်း ဖြစ်နိုင်ပေသည်။ ကျန်းမာခြင်း၊ အသက်ရှည်ခြင်း၊ ခွန်အားကြီးခြင်း၊ ချမ်းသာကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း၊ ရာထူကြိးခြင်း စသော ဂုဏ်ရှိန်အကြောင်းကြောင့် ထိုသို့ဖြစ်ကြောင်း ကျော်စောသတင်းဖြစ်နိုင်ပေသည်။ထို့ကြောင့် မှန်သောစကားကို ဆိုသောကြောင့်ကျော်စောသတင်းဖြစ်သည် ဆိုသောစကား၏ အခြေခံတရားမှာ ပြည်စုံမှုအ၀၀ရ၏ ဟု လည်းကောင်း၊ မိမိတို့ဆန္ဒရှိရာကို ကျော်စောသတင်း ဖြစ်လောက်အောင်ရ၏ဟုလည်းကောင်း၊ ရိုးဖြောင့်သူအဖြစ်ရ၏ဟုလည်းကောင်း၊ ကောက်ယူဆင်ခြင်နိုင်ပါသည်။

သစ္စာ ၂ ပါး

သစ္စာနှစ်ပါးဆိုသည်မှာ (၁) သစ္စာတိုင်ခြင်း သစ္စကရဏနှင့် (၂) သစ္စာပြုခြင်း သစ္စကိရိယာဟူ၍ နှစ်မျိုးခွဲခြားနိုင်ခြင်းပင် ဖြစ်ပါသည်။ သစ္စာတိုင်ခြင်း၊ သစ္စာတိုင်တည်ခြင်း၊ သစ္စာထားခြင်းဆိုသည် မှာ သစ္စကရဏဖြစ်ပါသည်။ သဒ္ဒနီတိကျမ်းက ''တစ်ပါးသူအား သဘောကျနှစ်သက်စေရန် အကျိုးငှာ ကျိန်ဆိုခြင်း'' ပင်ဖြစ်ကြောင်း ဖွင့်ပြသည်။ ရွှေပြောင်ပြောင် တောင်ပေါ်ကဘုရားမှာ မယ်နှင့်မောင်သစ္စာထား ကျိန်ဆိုမှုများလည်း ပါဝင်ပါသည်။ တစ်ဖန် သစ္စာပြုသည်ဆိုခြင်းမျာ မိမိသဏ္ဌာန်၌ မှန်ကန်သောအဖြစ်ကို အရှိအတိုင်း ပြောပြခြင်း သစ္စကိရိယာပေတည်း။ အင်္ဂုလိမာလသုတ်ဋီကာတွင် ''သစ္စာပြုသည် ဆိုခြင်းမှာ ဗုဒ္ဓအလိုတော်ကိုတည်၍ မိမိ၏ သီလကို ဆင်ခြင်ခြင်း''ဟု ပြန်ဆိုပါသည်။

သစ္စာ (၃)ပါး

သစ္စာသုံးပါးဆိုသည်မှာ (၁) ကျိန်ဆိုသစ္စာ (၂)ပါရမီသစ္စာ (၃) လောကုတ္တရာသစ္စာတို့ပင် ဖြစ်ပါသည်။ (၁)သစ္စာတိုင်ခြင်း၊ သစ္စာထားခြင်းစသော သစ္စကရဏသည် ကျိန်သစ္စာဖြစ်သည်။ (၂)သမ္မုတိနယ်မှာ အမှန်အတိုင်း ပြောခြင်း၊ တစ်နည်းအားဖြင့် မိမိသဏ္ဌာန်၌ မှန်ကန်သောအဖြစ်ကို ရှိသည့်အတိုင်း ပြောခြင်းသာ ဘုရားကြိုက် သစ္စာထိုက်သည်။ ဖြည့်ဆည်းအပ်သော တရားဖြစ်သည်။ ထို့ကြောင့် ဆုတောင်းရှိက ပါရမီဖြစ်သောကြောင့် ပါရမီသစ္စာလည်း မည်သည်။ (၃) ပရမတ္တသစ္စာတွင် (က) သဘာဝသစ္စာနှင့် (ခ) အရယသစ္စာဟူ၍ နှစ်မျိုးထပ်ခွဲခြားနိုင်သည်။ သဘာဝသစ္စာဆိုသည်မှာ မဖောက်မပြန် မှန်သော ပရမတ္ထသဘော ရှိသည်။ အရိယသစ္စာဆိုသည်မှာ ဒုက္ခအမှန်၊ ဒုက္ခဖြစ်ကြောင်းအမှန်၊ ဒုက္ခမှလွတ်မြောက်ကြောင်းအမှန်၊ ဒုက္ခမှလွတ်ရာအမှန်တည်းဟူသော သစ္စာလေးပါး မြတ်တရားပင် ဖြစ်သည်။ ပရမတ္ထသစ္စာနွယ်ဝင်လျင် လောကုတ္တရာသစ္စာ ဟုပင် ဆိုနိုင်ပါသည်။

သစ္စာ၊မုသား ပြိန်ဖျင်းသော စကား

သမ္မုတိသစ္စာနယ်မှ ကြည့်ပါက သစ္စာသည် မှန်သောစကားဆို၊ မဆိုနှင့် ဆိုင်သည်။ မှန်စွာပြောလျင် သစ္စာမည်သည်။ အလွဲပြောလျင် သစ္စာမမည်ပါ။ သစ္စာမည်လျင် သစ္စာပါရမီ ဖြစ်သည်။ သစ္စာမတည်လျင် ပါရမီသစ္စာမဖြစ်ပါ။ တစ်ဖန် သစ္စာပျက်လျင် သို့မဟုတ် တစ်ဖက်သား နစ်နာစေရန် မမှန်စကား ဆိုလျင် မုသာဝါဒ လိမ်လည်ပြောဆိုရာကျသည်။ မမှန်စကားဆိုမှု၊ လိမ်လည်ပြောဆိုမှုသည် တစ်ဖက်သား မနစ်နာစေသော်လည်း လောကီလောကုတ် မယုတ်တိုးပွား အကျိုးများစေသော အနက်အဓိပ္ပါယ်ကို အမှီပြုခြင်း၊ တရားဒေသနာကို အ မှီ ပြုခြင်းကင်းလျင် ပြိန်ဖျင်းသော စကားမည်ပါသည်။

ထိုမမှန်စကား မုသားဆိုခြင်း၊ ပြိန်ဖျင်းသောစကားဆိုခြင်း၊ ကုန်းချောခြင်း၊ ကြမ်းတမ်းသောစကားပြောခြင်းတို့မှ ရှောင်ခြင်းသည်သာ မဂ်ဖိုလ်သို့ ရှေ့ရှုသော ကောင်း စွာပြောခြင်း သမ္မာဝါစာဖြစ်၏ဟု မဟာသတီပဌာနသုတ် ပါဠိတော်တွင် ဘုရားဟောရှိပါသည်။ ထို့ကြောင့် ရယ်မောဖွယ်ပင်ဖြစ်စေ မုသားဆိုခြင်းမှ အလေးထားရှောင်ကျဉ်ရန် မြတ်ဘုရားက ရာဟုလာအား ဟောကြားဆုံးမခဲ့ကြောင်းကို ရာဟုလာလောဝါဒ သုတ်တွင် တွေ့ရပါသည်။

ယင်းသို့ဖြစ်သောကြောင့် မည်သည့် အကြောင်းကြောင့်ဖြစ်စေ မိမိသိမြင်၊ မှတ်သား၊ ခံယူထားသည့်အတိုင်း တစ်ပါးသူအား ဖြောင့်ဖြောင့်ပြောရန် အရေးကြီးကြောင်း၊ မိမိသိမြင်မှတ်သား ခံယူထားသည်မှတလွဲ အမှားမပြောကြားသင့်ကြောင်းတို့ သိခွင့်ရပါသည်။ ထိုသို့ အဖြောင့်အမှန် သစ္စာတည်စွာ ပြောခြင်းဖြင့်လည်းကောင်း၊မဖြောင့်မမှန်လိမ်ညာ၍မုသားမဆိုမိအောင်ထိန်သိမ်းစောင့်ရှောက်ခြင်းဖြင့်လည်းကောင်း၊ မျက်မှောက်ဘ၀ ယခုမှအစ နောက်အချိန်ကာလ ငြိမ်းချမ်း သာယာ၏ဟုလည်း မှတ်သားခွင့်ရပါသည်။

ဤအခန်းတွင် သမ္မုတိနယ်မှ အရှိကို ပကတိအတိုင်း ပြောခြင်းကြောင့် သစ္စာတည်သူ သို့မဟုတ် မုသားစကား ရှောင်ရှားသူတို့အား အကျိုးတရားသက်ရောက်ပုံများကို အထူးသဖြင့် ဖေါ်ပြလိုခြင်းဖြစ်သည်။ ထိုကြောင့် ပရမတ္ထသစ္စာကို သမုတိသစ္စာနှင့် ကွဲပြားရုံမျှသာ ဖော်ပြထားပါသည်။ ပရမတ္ထသစ္စာ အမှန်ဉာဏ်ရောက်ရန်မှာ ပရိယတ်၊ ပဋိပတ်တတ်မြောက် ကျွမ်းဝင်၍ နည်းပေးလမ်းညွှန် တမလွန်အရေး သြ၀ါဒပေးလေ့ရှိသော ဆရာတော်၊ သံဃာတော်၊ လူပုဂ္ဂိုလ်အစရှိသူတို့ထံ နည်းနာခံကြရပေမည်၊ ထိုသို့ နည်းနာခံခြင်းဖြင့် မဂ်ဉာဏ် သန္တိသုခအမှန် မြတ်နိဗ္ဗာန်ရသည်အထိ ကြိုးစား၍ နှလုံးသွင်း အားထုတ်ခြင်း ပြုနိုင်ကြပါသည်။ (အခွင့်သာသောအခါ ပရမတ္ထသစ္စာအကြောင်း ဆက်လက်ဖေါ်ပြပါမည်။)

သစ္စာတရား တည်အောင်ထား

လူဘ၀သည် ပင်လယ်ပြင်ပမာ နက်ရှိုင်းကျယ်ပြော၏။ ''အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာမက တွေ့ကြုံရ၏''။ဆိုးကောင်းနှစ်တန်လောကဓံမုန်တိုင်းကလည်းသည်းထန်မာန်ပြင်း၏။ ကမ်းတမ်းခက်တရော် ရှိသော ပတ်ဝန်းကျင်လှိုင်း ခတ်ခံရသည်မှားလည်း လူတိုင်းအတွက် အနည်းနှင့် အများပင်ဖြစ်၏။ ထို့ကြောင့် အချို့က ဘ၀ဟူသည် ရုန်းကန်မှုပင်ဖြစ်၏ဟု ( Life is a struggle )ဆိုကာ အားတင်း၍ အခက်အခဲတို့ကို ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိရှိသမျှတွန်းလှန်ကြသည်။ လက်ပိုက်ကြည့်နေခြင်းထက် အကျိုးရသည့်အခါ ရှိနီုင်သကဲ့သို့ လူမိုက်တောတိုးအကျိုးနည်းရသည့်အခါမျိုးလည်းတွေ့နိုင်ပေသည်။အမှန်စကားဆိုခြင်း သမ္မုတိသစ္စာတည်မှုကို မဏ္ဍိုင်ပြု၍ ဆောင်ရွက်ပါက လမ်းကြောင်းဖြောင့်သဖြင့် ခရီးပေါက်မည်။ တံခိုးရှင်များ ဖန်ဆင်းထားသကဲ့သို့ အံ့မခန်းချင်း ဂုဏ်သတင်းနှင့် အကျိုးတရား အတိုးအပွားများ တစ်ပုံတစ်ပင် စုံလင်စွာ ရမည်မှာ သေချာပါသည်။

မှန်စွာပြောခြင်း၌တည်အောင်ထားလျှင်သစ္စာအကျိုးအမှန်တကယ်ရနိုင်သည်ဟုယုံကြည်သူသည်သစ္စာအကျိုးရနိုင်ရေးအတွက် မိမိ ကိုယ်တိုင် သစ္စာရှိရန် လိုအပ်ပါသည်။ စိတ်မှန်သူတိုင်းသည် ကိုယ့်အကြောင်း ကိုယ်အသိဆုံး ဖြစ်သောကြောင့် မိမိသစ္စာရှိ/မရှိ ရှိလျင် မည်သည့်အဆင့်အထိ ရှိသည်ဆိုခြင်းကို ကိုယ်တိုင်နှလုံးသွင်း ဆန်းစစ်သင့်သည်။ လိုအပ်လျှင် မုသားဆိုခြင်းမှ ရှောင်ကျဉ်ခြင်း သီလမြဲစွာ ထိန်းသိမ်းလိုသော စိတ်ကို ခိုင်မာလာအောင် မွေးမြူရပေမည်။မိမိသည် မုသာဝါဒကို ရှောင်ကျဉ်သူ သစ္စာတရား၌ ခိုင်မြဲသူဖြစ်ကြောင်းကို ဗုဒ္ဓဘုရားရှင်အား ရည်မှန်း၍ ဖွင့်ဆိုလျောက်ထားပါ။ သို့မဟုတ် ရဟန်တစ်ပါးပါး သို့မဟုတ် မိဘဆရားသမား သို့မဟုတ် မိမိလေးစားသူတစ်ဦးထံ ဖွင့်ဆိုပြောပြခြင်းဖြင့် သက်သေထားပါ။ ထို့နောက် ငါသည် ဆိုခဲ့သောကာလအတွင်း မှန်သောစကားဆိုသူတည်းဟု အကြိမ်ကြိမ် နှလုံးသွင်းပါ။

ထိုသို့ နှလုံးသွင်း အားကောင်းလာသောအခါ ၀မ်းမြောက်ခြင်းနှင့်အတူ မိမိဘ၀အတွက် ယုံကြည်ချက်များ တစ်နေ့တခြား တိုးတက်များပြားလာပေမည်။ တိုအခါ မိမိသည် မှန်မှလုပ်၊ ဟုတ်မှပြောသူ သစ္စ၀ါဒီတစ်ယောက်ဖြစ်ကြောင်း အလျင်းသင့်တိုင်း ပြောပါ။ ထိုသို့ ပြောခြင်းသည် မိမိအတွက်လည်း အဓိဌာန်ပေါက်၊ သူတစ်ပါကိုလည်း ၀မ်းမြောက်အတုယူခွင့် ရစေနိုင်ပါသည်။ သစ္စာစောင့်မှု အားကောင်းလာသော အခါ မမှန်ပြောခြင်း၊ လိမ်ခြင်း မပြုမိအောင် တမင်ထိန်းရသည်မျိုး မဟုတ်ဘဲ အလေ့အထ ဖြစ်လာပေမည်။ ထိုအခါ သစ္စာမဲ့ရမည်ကို ရှက်ခြင်း၊ ကြောက်ခြင်းတို့နှင့် အတူ သစ္စာမြဲမှု အားကြီးလာပေမည်။ သစ္စာမြဲမှု အားကြီးလာသည်နှင့်အမျ သစ္စာတန်ခိုး၊ သစ္စာအကျိုးတို့လည်း ထင်ရှားလာမည်ဟု ယုံကြည်ပါသည်။

သစ္စာစကား ဆိုရိုးများ

သစ္စာတည်ခြင်းဖြင့်အကျိုးများပုံကိုဖော်ပြသောမြန်မာတို့ဆိုရိုးစကားများရှိသည်။(၁)''ကတိသစ္စာတည်သောအခါဝယ်သြဇာလေးနက်ပေါ်ဆီတက်၍နွယ်မြက်သစ်ပင်ဆေးဘက်ဝင်သည်''ဟုလည်းကောင်း ၊ (၂)''မင်းမှာသစ္စာ လူမှာကတိဟူ၍''လည်းကောင်း ဆိုထုံးများ ရှိကြောင်းတို့ပင် ဖြစ်သည်။ ထိုဆိုထုံးစကားတို့၏ အသုံးကိုလိုက်၍ အဓိပ္ပါယ်ယူနိုင်ပုံကို ရှေးဦးမဆွ ဖော်ပြလိုပါသည်။

သစ္စာနှင့် ကတိ

၁။ ကတိသစ္စာတည်သောအခါ အစချီဆိုစကားသည် ကတိထားပြောကြားခဲ့သည့်အတိုင်း ဆောင်ရွက်ခြင်းဖြင့် နေလနက္ခတ်တို့ အဖြောင့်သွား၏။ ထို့ကြောင့် ဥတုရာသီမှန်ပြီး မြေဆီသြဇာ တိုးတက်ကောင်းမွန်၏။ မြေသြဇာကောင်းသဖြင့် အာဟာရဓာတ်ပြည့်သော သီးနှံစပါးထွန်းကား၏။ ထို့ကြောင့် နွယ်မြက်သစ်ပင်တို့ပင် ဆေးဘက်ဝင်၏ဟုဆိုခြင်း ဖြစ်ပါသည်။

၂။ မင်းမှာသစ္စာ လူမှာကတိ အဆိုရှိခြင်းတွင်''သစ္စာ'' စကားလုံးကို မင်းသုံးအဖြစ်လည်းကောင်း၊''ကတိ'' စကားလုံးကို ပြည်သူအများသုံးအဖြစ်လည်းကောင်း သတ်မှတ်ထားကြောင်းကို အလေးပေးတင်ပြလိုက်ပါသည်။ အမြတ်ဆုံးစကား သစ္စာကို ထီး သုံးနန်းထိုက် သတ်မှတ်ခြင်းမှာ ၀ိသေသလက္ခဏာတစ်ခုဖြစ်ပါသည် ၊ ရှေးဘုရင်မင်းများသည် ရာဇာဘိသိတ် ခံနိုင်ရေးအတွက် သစ္စာခံနယ်ပယ်ကျယ်အောင် အလေးပေး ဆောင်ရွက်သည်။ မင်းညီးမင်းသားစသော မင်အာဏာကို ထိပါးနိုင်လွယ်သူများအား သစ္စာရေ တိုက်သည်။ မဟာသမတမင်းများမှအစ မုဒ္ဓါဘိသေကခံယူသော မင်းတို့သည် မင်းကျင့်တရား(၁၀)ပါးနှင့်အညီ အုပ်ချုပ်ပါမည်ဟု ကိုယ်တိုင်လည်း သစ္စာဆိုသည်။ ထို့ကြောင့် ''သစ္စာတိုက်''၊ ''သစ္စာဆို'' စသော စကားလုံးသည် အစဉ်အလာ မင်းသုံးဖြစ်ရာမှ မင်းနှင့်ဆိုင်သော တော်ဝင်စကားဖြစ်သွားရ၏။ ထိုသို့ဖြစ်၍ ကတိဟူသောစကားမှာ အများပြည်သူပိုင် ဖြစ်လာ၏ဟု ယူဆရပါသည်။

၃။ ''ဥစ္စာမရှိ ကတိမတည်'' ဆိုခြင်းမှာ ဆောင်ရွက်ရန် ပြောဆိုထားသော်လည်း ၊ ပစ္စည်းဥစ္စာမရှိသဖြင့် သတ်မှတ်ပြောဆိုထားသည့်အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်ခြင်းပင် ဖြစ်သည်။ ဥစ္စာမရှိ သစ္စာမတည်ဟု မဆိုဘဲ ကတိပျက်သည်ဟုသာ ဆိုထားခြင်းတို့မှာ ထူးခြားနေပါသည်။ ထို့ကြောင့် သစ္စာနှင့် ကတိဆိုစကားကို ခွဲခြမ်းစိတ်ဖြာ လေ့လာရန် လိုအပ်လာပါသည်။

ကတိအနက်ဖွင့်ဆိုချက်

ကတိဆိုသည်မှာပါဠိဘာသာအရပြုခြင်းဟု အဓိပ္ပါယ်ရသည်။ ကတိပြုပြောဆိုခြင်း (Promise)ဟုဆိုနိုင်ပါသည်။ ကတိပေးသူ၊ ကတိရသူတို့ နှစ်ဦးနှစ်ဘက် သဘောတူညီချက် (Agreement)ကို ဖော်ပြခြင်းနှင့် ကတိပေးသူ၏ ဆန္ဒအလျောက် ကြေငြာပြောဆိုခြင်း(Declaration)တို့သည်လည်း ကတိပင်ဖြစ်သည်။ တစ်နည်းအားဖြင့် နှစ်ဘက်သဘောတူညီချက်ကို ကြေငြာခြင်း(Bilateral Declaration)နှင့် တစ်ဘက်သက် ကြေငြာခြင်း(Unilateral Declaration) တို့ပင်ဖြစ်သည်။ ထိုသဘောတူညီချက်တို့အတိုင်း ဆောင်ရွက်ခြင်းဆိုင်ရာ ကတိက၀တ် သို့မဟုတ် ဆောင်ရွက်ရန် ၀န်ခံစကား ကတိထားခြင်းကို ပဋိဉာဏ်(Contract) ဟုလည်း မှတ်ယူနိုင်ပါသည်။

''မလုပ်မပြော၊ လုပ်မှပြော၊ သဘောဖြူစင်စေ''

(မင်းကွန်းတိပါဋက ဆရာတော်ဘုရားကြီး)

သစ္စာတရားပန်းတိုင်ထားသောစကားများဖြစ်ကြသည့်(၁)ကတိ၊(၂)သဘောတူညီချက်၊(၃)ပဋိဉာဉ်စသည်တို့သည် ပြုရန်၊ မပြုရန် ဖော်ပြပြောခဲ့သည့် အတိုင်း လုပ်မလုပ်နှင့် ဆိုင်သည်။ အပြောနှင့် အလုပ်ညီလျင် ကတိတည်သဖြင့် သစ္စာမည်ပေသည်။ အပြောနှင့် အလုပ်မညီလျင် ကတိမတည်သဖြင့် သစ္စာမမည်ပါ။ သို့ရာတွင် သစ္စာခေါင်းစဉ် အောက်တွင် ကတိကို စေတနာနှင့် စံထိုး၍ မှန်မမှန်တိုင်းတာမှုကို မဏ္ဍိုင်ပြုသော အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်တို့လည်း တွေ့ရပါသည်။

တစ်ဦးတစ်ယောက်သည် မိမိပြုခဲ့သော ကတိပြုမှုကို သိမှတ်နိုင်စွမ်းအားရှိသူဖြစ်အံ့။ ထိုသူသည် ကတိ အတိုင်း ဆောင်ရွက်ရန် မဖြစ်တော့သော အခြေအနေသို့ ရောက်လျင် စေတနာပါမပါ တိုင်းတာကြည့်ရန် လိုပါသည်။ ထို့ကြောင့် ကတိအတိုင်း ဆောင်ရွက်ခြင်းကို ဖျက်လိုသော သို့မဟုတ် ပျက်လိုသော စေတနာပါလျင် ကတိပျက်သဖြင့် သစ္စာဖောက်ဖျက်ရာ ရောက်သည်။ထိုသို့ စေတနာမပါလျင်မူ ကတိမတည်သဖြင့် သစ္စာတည်ခြင်းမမည်သော်လည်း မုသားစကားမဖြစ်ပါ။တစ်နည်းအားဖြင့်ကုသိုလ်မဖြစ်သော်လည်း အကုသိုလ်မဖြစ်ပါ။ သို့ရာတွင် ကတိအတိုင်း သစ္စာတည်စွာ ဆောင်ရွက်ရသကဲ့သို့ပီတိ၊သုခ အစသစ္စာအကျိုး၊ သစ္စာတန်ခိုး အားကောင်းမောင်းသန်ရရှိရန် မဖြစ်နိုင်ဟု ယုံကြည်ပါသည်။

အပိုင်း(၂)

ထုံးဟောင်းသာဓက သစ္စာအကျိုးရ

ဤကမ္ဘာတွင် နိုင်ငံအသီးသီး၊ လူမျိုးအသွယ်သွယ်၊ဘာသာအယူဝါဒ အဖုံဖုံတို့ဖြင့် စုံလင်လှပါသည်။ ထိုသို့နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ ကွဲပြားကြသော်လည်းမှန်သောစကားကို တန်ဖိုးထားပုံချင်းမှာ တူညီမည်ပင်ဖြစ်၏။ တစ်ဖန် အမှန်တရားနှင့် စပ်ဆိုင်သော ဇာတ်လမ်းများကို ဖော်ပြပါဆိုလျင်လည်း စိတ်ဝင်စားဖွယ် ဇာတ်လမ်းပေါင်း သောင်းခြောက်ထောင်စီ အသီးသီး ပေါ်ထွက်လာမည်ဖြစ်၏ဟု မျော်လင့်မိပါသည်။ ထိုနည်းတူ စာရေးသူကလည်း မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျှောက်မြန်မာ တစ်ဦး လေ့လာမှတ်သာခံယူထားသော သစ္စာနှင့် ဆိုင်ရာ ဇာတ်လမ်းအချို့ကို မီးမောင်းထိုး တင်ဆက်လိုပါသည်။

၁။ အသက်ကို ရှင်စေခြင်း

ရှေးအခါက ဗာရာဏသီပြည် တောအရပ်တွင် သီတင်သုံးနေထိုင်ကြသော ဒုကုလနှင့် ပါရိကာမောင်နှံတို့တွင် ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော သားတစ်ဦးထွန်းကား၏။ သုဝဏ္ဏသာမ အမည်တွင်သော ဘုရားအလောင်းတော်ဖြစ်၏။ မိဘနှစ်ပါး မျက်စိကွယ်သောအခါ သုဝဏ္ဏသာမက ရိုသေစွာလုပ်ကျွေး၏ ။ တစ်နေ့သောအခါ တောကစားထွက်လာသော ဘုရင်ပီဠိယက္ခသည် သမင်တို့အလယ်တွင် တင့်တယ်သော သုဝဏ္ဏသာမကို မြင်၏။ လူလော၊ နတ်လောသိလိုဇောကြောင့် အဆိပ်လူးမြှားဖြင့် ပစ်၏။ ထို့ကြောင့် သုဝဏ္ဏသာမသတို့သားမှာ မြှားဆိပ်သင့်၍ မြေတွင်လဲကျမေ့မြောရ၏။ ထိုအခါ မိဘနှစ်ပါးနှင့် မိခင်ဖြစ်ခဲ့ဖူးသော ဗဟုသုန္ဒရီနတ်သမီးတို့ ရောက်လာပြီး အသီးသီးသစ္စာဆိုကြ၏။

မိခင်ပါရိကာ၏ သစ္စာစကား

၁။ငါသားသုဝဏ္ဏသာမသည် ရှေးက သုစရိုက်ကမ္မပထတရား(၁၀)ပါးကို ကျင့်ခဲ့ပါသည်။

၂။ ရှေး၌မြတ်သော အကျင့်ကိုကျင့်သူဖြစ်သည်။

၃။ ဟုတ်မှန်သော စကားကိုသာဆိုတတ်သည်။

၎။ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးတတ်သည်။

၅။ ကြီးသူတို့ကို ရိုသေတတ်သည်။

၆ ငါ့သားအား ငါသည်အသက်ထက် ချစ်မြတ်နိုးသည်။

၇။ ငါနှင့်သူ့ဖခင်တို့ ပြုအပ်သောကိုသိုလ်များရှိပါသည်။

ဤမှန်သော သစ္စာစကားကြောင့် ငါ့သားသုဝဏ္ဏသာမ မြှားဆိပ်ပျောက်ပါစေသတည်း။ (ဖခင်ကလည်း မိခင်နည်းတူ သစ္စာဆိုပါသည်။)

ဗဟုသုန္ဒရီ နတ်သမီး၏သစ္စာစကား

၁။ ဤဂန္ဓမာဒနတောင်၌ ကြာမြင့် စွာနေသောငါသည် သုဝဏ္ဏသာမထက် ချစ်မြတ်နိုးသူတစ်စုံတစ်ယောက်မျ မရှိပါ။

၂။ ဤဂန္ဓမာဒနတောင်တွင် နံ့သာပင်ချည်းသာဖြစ်ကြပါသည်။

ဤမှန်သော သစ္စာစကားကြောင့် ငါ့သားသုဝဏ္ဏသာမမြှားဆိပ်ပျောက်ပါစေသတည်း။

သစ္စာအကျိုး။

မိခင်ဖခင်တို့ သစ္စာဆိုသောအခါ သုဝဏ္ဏသာမသည် သတိပြန်လည်ရကာ ဘယ်ညာပြောင်း၍ စောင်း၏။ ဗဟုသုန္ဓရီ ကသစ္စာဆိုသောအခါ မြှားဆိပ်ပြယ်ပြီး အိပ်သောယောင်္ကျား နိုးသောလားသို့ ထ၍ထိုင်၏ဟု ဇာတကဒေသနာတော်တွင် ဖော်ပြထားပါသည်။၃

၃။ ဇာတကပါဠိ၊ ၂။ ၁၈၁။ ဇာတကအဠကထာ၊ ဆဠမ၊ ၈၉။ စရိယာပ်ဋကအဠကထာ၊ ၂၄၉။

မီးဘေးကိုတားနိုင်ခြင်း

မာဂဓတိုင်းတွင် မာဂဓမင်းစိုးစံစဉ်အခါက ဘုရားအလောင်းငုံးမင်းနေသော တောကြီး မီးစွဲလောင်၏။ မိဘနှစ်ပါးအပါအ၀င် ငှက်အားလုံးက မီးဘေးမှ ဝေးရာသို့ ရှောင်ကြ၏။ အရွယ်မရောက်သေးသော ငုံးမင်းငယ်သည် အသိုက်အတွင်းမှာ ကျန်ခဲ့၏။ ထိုအခါ ငုံးမင်းငယ်မှာ အားကိုးစရာဆို၍ သစ္စာတစ်ခုသာရှိကြောင်းသိသဖြင့် သစ္စာဆို၏။

ငုံးမင်း၏ သစ္စာစကား

၁။ ငါသည် အတောင်ရှိသော်လည်း မပျံနိုင်သေးပါ။

၂။ ခြေထောက်ရှိသော်လည်း လမ်းမလျှောက်နိုင်သေးပါ။

၃။မီးဘေးသင့်သောကြောင့် မိဘများလည် အသိုက်စွန့်၍ ပြေးကြရချေပြီ။

ဤမှန်သော သစ္စာစကားကြောင့် တောမီး ဖဲခွာရှောင်ကွင်း ပါစေသတည်း။

သစ္စာအကျိုး

သစ္စာစကား၏ အဆုံး၌ တောမီးသည်အသိုက်နှင့်ဝေးရာမှကွင်း၍သာလောင်သဖြင့် အသက်ချမ်းသာရာရခဲ့၏ဟု ဇာတကဒေသနာတော်တွင် ဖော်ပြထားပါသည်။၎

၎။ဇာတကအဌကထာ၊ထမ၊၂၂၉။

ရေဘေး၊ လေဘေးကာကွယ်ခြင်း

ဘုရားအလောင်းသုပ္ပါရကဦးစီးသောသင်္ဘောသည် လေမုန်တိုင်းမိသဖြင့် လှိုင်းလေဒဏ်ကို လေးလကြာခံရကာ ပင်လယ်ကြောမှာ မြော၏။ နောက်ဆုံးတွင် သမုဒ္ဒရာအလယ်သို့ ရောက်၏။ သင်္ဘောသား (၇၀၀)တို့လည်း အသက်ဘေးကြောင့်ဆောက်တည်ရာမရငိုကြွေးကြ၏။ထိုအခါသင်္ဘောဦးစီးမှူး ဘုရားအလောင်းသုပ္ပါရကသည် သစ္စာစကားဖြင့် သင်္ဘောသား (၇၀၀) ၏ အသက်ကိုကယ်နိုင်မည်ဖြစ်ကြောင်း အကြံရသဖြင့် သစ္စာဆို၏။

သုပ္ပါရက၏ သစ္စာစကား

၁။ ငါသည် သိတတ်သော အရွယ်မှစ၍ သေစေလိုသော စေတနာဖြင့် မည်သည့်သတ္တ၀ါကိုမျှ သတ်ဖြတ်ညှဉ်းဆဲခြင်း မပြုဖူးပါ။

၂။ မြက်၊ ၀ါခြမ်းကအစ သူတစ်ပါးပစ္စည်းကို မခိုးယူဖူးပါ။

၃။ သူတစ်ပါးဇနီးမယား၌ သာယာတပ်မက်သော စိတ်ဖြင့်ပင် မကြည့်ဖူးပါ။

၎။ မုသားစကား လိမ်လည်ပြောကြားခြင်း မပြုခဲ့ဖူးပါ။

၅။ သေအရက်ကို တစ်စက်တစ်ပေါက်မျှလောက်ပင် မသောက်ခဲ့ဖူးပါ။

ဤမှန်သောသစ္စာစကားကြောင့် ဤသင်္ဘောသည် သမုဒ္ဒရာဝဲမှ လွတ်မြောက်ပါစေသတည်း။

သစ္စာအကျိုး

၎လကြာလွင့်မျောနေသောသင်္ဘောသည်တစ်ရက်တည်းဖြင့်လိုရာဆိပ်ကမ်းသို့ပြန်ရောက်၏ဟုဇာတကဒေသနာတော်တွင်ဖော်ပြထားပါသည်။၅

၅။ဇာတကအဠကထာ၊ စတုတ္ထ၊ ၁၄၀။

ကန်းပြီးမျက်စိပြန်မြင်ခြင်း

သိဝိတိုင်း အရိဌပူရပြည်တွင် သိဝိအမည်ရှိသော မင်းအုပ်စိုး၏။ ထိုမင်းသည် နေ့စဉ် အလှူကြီးပေး၍ အားမရသောကြောင့် မိမိခန္ဓာကိုယ် အစိတ်ပိုင်းများကို လှူလိုသောဆန္ဒဖြစ်ပေါ်၏။ထိုအခါ အလှူခံပုဏ္ဏား ရောက်လာ၍ မျက်စိနှစ်လုံးကို ပုဏ္ဏားအားလှူလိုက်၏။ တစ်ဖန် မျက်ကန်းဘ၀တွင် မနေလိုသောကြောင့် သေလိုသောဆန္ဒ ဖြစ်ပေါ်၏။ သို့သော်လည်း မျက်စိပြန်မြင်ရန် သိကြားမင်းပင် မစွမ်းဆောင်နိုင်စေကာမူ သစ္စာကစွမ်းဆောင်နိုင်ကြောင်း သိသောအခါ သစ္စာဆို၏။

သိဝိမင်း၏ သစ္စာစကား

၁။ကျွန်ုပ်ထံလာသော အလှူခံကိုလည်းကောင်း၊ မိမိလိုရာတောင်းခံလာသော အလှူခံကိုလည်းကောင်း ကျွန်ုပ်က ချစ်ခင်ပါသည်။

၂။မျက်လုံးလှူရသည့်အတွက် စေတနာမတွန့်ပါ။ ထိုကုသိုလ်အဖို့ကို ယနေ့အထိ ၀မ်းမြောက်နေပါသည်။

ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်၏ မျက်စိနှစ်ကွင်း အလင်းရပါစေသတည်း။ သစ္စာအကျိုး

ပထမအကြိမ်သစ္စာဆိုသောအခါ မျက်စိတစ်လုံးမြင်၏၊ ဒုတိယအကြိမ်သစ္စာဆိုသောအခါ ကျန်တစ်လုံးမြင်၏ဟု ဇာတကဒေသနာတော်တွင် ဖော်ပြထားပါသည်။၆

၆။ဇာတကအဠကထာ၊ ပထမ၊ ၄၀၂။စရယာပိဋကအဠကထာ၊၆၄။

အကျဉ်းအချုပ်မှ လွတ်ကင်းခြင်း

ဝိဒေဟရာဇ်တိုင်း မိထိလာပြည် ဘုရင်မဟာဇနကတွင် သားကြီး အရဠဇနကနှင့် သားငယ်ပေါလဇနကတို့ ရှိကြ၏။ သားကြီး အရိဌဇနကသည် မင်းဘ၀ရသောအခါ ညီတော်ပေါလဇနကမှာ စစ်သေနာပတိဖြစ်လာ၏။ အမတ်တစ်ဦးက အရိဌဇနကမင်းအား ညီတော်အကြောင်း မကောင်းပြော၍ ကုန်းချော၏။ ပြောပါများလျင် အမှားကို အမှန်ထင်တတ်သော သဘာဝအရ ယုံကြည်၍ နောင်တော်က ညီတော်ကိုအကျဉ်းချ၏။ ထိုအခါ ညီတော်ပေါလဇနကမှာ သစ္စာမှတစ်ပါး အားထားစရာမရှိဟု အသိဝင်သဖြင့် သစ္စာဆို၏။

ပေါလဇနက၏ သစ္စာစကား

ငါသည် နောင်တော်၏ရန်သူမဟုတ်ပါ။

ဤမှန်သောသစ္စာစကားကြောင့် ဤအိမ်တံခါးနှင့် သံခြေကျဉ်းများ ပွင့်လွတ်ပါစေသတည်း။

သစ္စာအကျိုး။

အနှောင်အဖွဲ့အားလုံး လွတ်၏။ ဖမ်းဆီးဝံ့သူမရှိသဖြင့် မြို့မှလွတ်ထွက်နိုင်၏။ နောင်တွင်ပြည်သူအများ ထောက်ခံမှု အားရကာမင်းဖြစ်လာ၏ဟု ဇာတကဒေသနာတော်တွင် ဖော်ပြထားပါသည်။၇

၇။ဇာတကအဠကထာ၊ ဆဌမ၊ ၃၉။

ရောဂါပျောက်ကင်း ချမ်းသာခြင်း

ရှေးအခါက သီဟိုဠ်ကျွန်း၌နေသော မိန်းမတစ်ယောက်ရောဂါစွဲကပ်၏။ဆေးဆရာက ယုန်သားရှာ ခိုင်း၏။သားအကြီးဖြစ်သူက ညီငယ်ဇဂ္ဂနအား ယုန်သားရှာရန် ထပ်ဆင့်ခိုင်း၏။ ဇဂ္ဂနလည်း ခြုံနွယ်တို့ဖြင့်ငြိ၍ ကြောက်ရွံ့ပြီး ဆတ်ဆတ်တုန်ကာ အော်မြည်နေသော ယုန်တစ်ကောင်ကို ဖမ်း၏။ သို့သော် မိခင်အသက်မသေစေလို၍ ယုန်ငယ်ကို သတ်ရမည်မှာ တရားနည်းလမ်းမကျဟု ယူဆသဖြင့် ယုန်ကိုလွှတ်၍ အိမ်ကိုပြန်ခဲ့၏။ ဤအကြောင်းကို နောင်တော်အား ပြောပြပြီး မိခင်အနီးကပ်၍ သစ္စာဆို၏။

ဇဂ္ဂန၏ သစ္စာစကား

ကျွန်ုပ်သည် လူဖြစ်သည်မှ ယနေ့အထိသေစေလိုသော စိတ်ဖြင့် သတ္တ၀ါတို့ကို သတ်ဖူးသည်ဟူ၍ မရှိပါ။

ဤမှန်သောသစ္စာစကားကြောင့် မိခင်ကြီး ကျန်းမာပါစေသတည်း။

သစ္စာအကျိုး။

မိခင်ကြီးကျန်းမာပကတိ ဖြစ်၏ဟု အဘိဓမ္မာ ဒေသနာတော်တွင် ဖော်ပြထားပါသည်။၈

၈။ အဌသာလိနီ အဠကထာ၊၁၄၆။

နူနာပျောက်ကင်းခြင်း

ရှေးအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး၏ သားတော် အိမ်ရှေ့စံ သောတ္ထိသေနမင်းတွင် နူနာစွဲ၏။ ထို့ကြောင့် အိမ်ရှေ့မိဘုရား သမ္ဗူလာနှင့်အတူ တောရပ်ခိုမှီ နေထိုင်၏။ မိဖုရားကလည်း ရိုသေစွာလုပ်ကျွေး၏။ တစ်နေ့သောအခါ သစ်သီးရှာရာမှ ပြန်လာသော သမ္ဗုလာအား ဒါနောအမည်ရှိသူက အတင်းအကြပ် ချစ်ရေးဆိုသဖြင့် အချိန်နောက်ကျမှ ပြန်ရောက်၏။ သမ္ဗုလာသည် တစ်စုံတစ်ယောက်နှင့် ဖောက်ပြားနေ၍သာ နောက်ကျရသည်ဟု သောတ္ထိသေနက သံသယ၀င်၏။ သမ္ဗုလာကအကြောင်းစုံကို အမှန်အတိုင်း ရှင်းပြသော်လည်း ယုံကြည်မှုမရပါ။ ထို့ကြောင့် ရေပြည့်အိုးတစ်လုံးကို မိမိရှေ့တွင် ထားကား သစ္စာဆို၏။

သမ္ဗုလာ၏ သစ္စာစကား

ကျွန်ုပ်သည် အရှင်မင်းသားမှတစ်ပါး အခြားယောင်္ကျားတစ်ယောက်ကိုမျှ စိတ်နှင့်ပင် ပြစ်မှားဖူးသည် မရှိပါ။

ဤမှန်သော သစ္စာစကားကြောင့်အရှင်မင်းသား၏ ရောဂါပျောက်ကင်းပါစေသည်တည်းဟုဆို၍ ရေအိုးမှ ရေတို့ဖြင့် မင်းကြီးအား သွန်းလောင်း၏။၉

၉။ ဇာတက၊၁၊၃၉၅-၆။

သစ္စာအကျိုး။

မင်းကြီးတွင်စွဲကပ်သော ကုဠနူနာရောဂါမှာတိုခဏ၌ပင်ပျောက်ကင်းချမ်းသာ၏ဟု ဇာတကဒေသနာတော်တွင် ဖော်ပြထားပါသည်။၁၀

၁၀။ဇာတကအဠကထာ၊ပဉ္စမ၊၉၂။

မီးဖွားရ လွယ်ကူစေခြင်း

ကောသလမင်း၏ ပုရောဟိတ်ပုဏ္ဏားကြီးတွင် သားတစ်ယောက်ရှိ၏။ သူတစ်ပါးအား မညှင်းဆဲသူဟု အဓိပ္ပါယ်ယူ၍ အဟိံသက အမည်ပေး၏။ အရွယ်ရောက်သော် တက္ကသိုလ်ပြည်တွင် ပညာသင်ရာ ဆရာက သူ၏ဇနီးနှင့် မလွတ်ကင်းဟု အထင်ရှိ၏။ ထို့ကြောင့် ပညာကုန်သင်ခအဖြစ် လက်ညိုးတစ်ထောင်ပေးရမည်ဟု ဆို၏။ အဟိံသကအား သူတစ်ပါးသတ်၍ သေစေရန် ရည်ရွယ်ပြောခြင်းဖြစ်၏။ လက်ညှိုးတစ်ထောင်ပြည့်ရန် တစ်ချောင်းအလိုတွင် မိခင်နှင့်ရင်ဆိုင်တွေ့၏။ မိခင်အား သတ်ရန်အလိုက်တွင် ဘုရားရှင်က ကြားဝင်တား၍ တရားပြ၏။ သူ့အသက်သတ်ခြင်းသည် သံသရာလည်ကြောင်း ဖြစ်သည်ဟု အဟိံသကက သိရသဖြင့် ဘုရား၏သာသနာတွင် ရဟန်းပြု၏။ ရဟန်းတရား အားထုတ်သဖြင့် ရဟန္တာဖြစ်၏။

လက်ညှိုးများကို သီ၍ လည်ပင်းဆွဲခဲ့ခြင်းကို အကြောင်းပြု၍ အဟðသကသည် အင်္ဂုလိမာလဟု အမည်တွင်ခဲ့သည်။ အင်္ဂုလိမာလရဟန္တာ ဆွမ်းခံကြွရာဝယ် သနားစဖွယ် ဆင်းရဲဒုက္ခခံနေရသော မီးမဖွားနိုင်သည့် အမျိုးသမီးကို တွေ့၏။ ထိုအမျိုးသမီး ဒုက္ခမှ လွတ်စေရန်ရည်ရွယ်၍ ဘုရားရှင်အား မေးလျောက်ရာ ဘုရားရှင်က သစ္စာဆိုရန် အမိန့်ရှိ၏။ ထိုအခါ မီးမဖွားနိုင်သူထံသွား၍ သစ္စာဆို၏။

အဂုၤလိမာလ၏ သစၥာစကား

ငါသည် အရိယာနွယ်ဝင်ဖြစ်သည်မှစ၍ သူတစ်ပါး၏ အသက်ကို မသတ်ဖူးပါ။

ဤမှန်သောသစ္စာစကားကြောင့် သင့်အား ချမ်းသာပါစေ။ သင်၏ကိုယ်ဝန်လည်း ချမ်းသာစွာ မွေးဖွားပါစေသတည်း။

သစ္စာအကျိုး။

သစ္စာစကားအဆုံးတွင် အမိဝမ်းမှ သားငယ်သည် ချမ်းသာစွာဖွားမြင်၏ဟု မဇ္ဈိမဏ္ဏာသဒေသနာတွင် ဖော်ပြထားပါသည်။၁၁

၁၁။မဇ္ဈိမ ပဏ္ဏာသပါဠိ၊ ၃၀၁။ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊၂၂၆

ကပ်ဘေးဆိုးတို့မှ လွတ်ခြင်း

ဝေသာလီပြည်တွင် ရောဂါဘေး ရောဂန္တရကပ်၊ သတ်သူဘေး သတ္ထန္တရကပ်၊ အငတ်ဘေး ဒုဗ္ဘိက္ခန္တရကပ်တို့ ဆိုက်ရောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ဝေသာလီပြည် တံတိုင်းမြို့ရိုးအတွင်း လှည့်လည်၍ သစ္စပြု ဆုတောင်းရန် ညီတော်အာနန္ဒာအား သင်ပြဆုံးမ၏။ ညီတော်အာနန္ဒာလည်း တစ်ညဥ့်တာကာလ ဗုဒ္ဓအဆုံးအမအတိုင်း ပြု၏။ အာနန္ဒာ၏သစ္စာကား

လောက၌ ဘုရားနှင့်တူသော၊ တရားနှင့်တူသော ၊ သံဃာနှင့်တူသော မြတ်နိုးဖွယ် အကောင်းဆုံး ရတနာဟူသည် မရှိပါ။

ဤမှန်သောသစ္စာစကားကြောင့် ကပ်ဘေးကြီးသုံးပါးမှ လွတ်ကင်းပါစေသတည်း။

သစ္စာအကျိုး။

ဝေသာလီပြည်တွင် ဆိုက်ရောက်နေရသော ကပ်ဘေးကြီး သုံးပါးမှလွတ်ကင်း၏ဟု သုတ္တန်ဒေသနာတော်တွင် ဖော်ပြထားပါသည်။၁၂

၁၂။ ခုဒ္ဒကပါဌ ပါဠိ၊၄၊ သုတ္တနိပါတပါဠိ၊၃၁၂။

ဂင်္ဂါမြစ်ရေ အညာဆန်

ပါဋလိပုတ်ပြည်တွင် အသောကမင်း အုပ်စိုးစဉ်အခါက မင်းကြီးသည် ဂင်္ဂါမြစ်ရေအညာဆန်အောင် မည်သူစွမ်းဆောင်နိုင်သနည်းဟု မေး၏။ အမတ်တို့က ထိုသို့ပြုရန် ခက်ကြောင်း လျောက်တင်၏။ ထိုသတင်းကိုကြားသော ဗန္ဓုမတီအမည်ရှိ ရုပ်ရည်၊ အဆင်းနှင့် ခန္ဓာကိုယ်ကို အရင်းပြု၍ အသက်မွေးသူ ပြည့်တန်ဆာမလေးက သူ့တွင် သစ္စာတရားရှိသဖြင့် ဂင်္ဂါမြစ်ရေ အညာဆန်အောင် ပြုနိုင်ကြောင်း လျောက်၏။ မင်းကြီးက မယုံကြည်ချေ ။ ထို့ကြောင့် ဗန္ဓုမတီက သစ္စာဆိုပြ၏။

ဗန္ဓုမတီ၏ သစ္စာစကား

၁။ရှင်ဘုရင်ဖြစ်စေ၊ပုဏ္ဏားဖြစ်စေ၊ကုန်သည်ဖြစ်စေ၊လယ်သမားဖြစ်စေ၊ဆင်းရဲသားဖြစ်စေ၊အခြားမည်သူပင်ဖြစ်စေ၊ ဥစ္စာပေးသူအား ကျွန်မက အညီအမျှပြုစုပါသည်။

၂။ ရှင်ဘုရင်ဆိုပြီး အထူးပြုခြင်းမရှိသကဲ့သို့ ဆင်းရဲသားဆိုပြီး အထင်သေးခြင်းမရှိပါ။

၃။ ကျေနပ်မှု လောဘ၊ မကျေနပ်မှု ဒေါသကင်းစွာ ဥစ္စာရှင်ကို ပြုစုပါသည်။

ဤမှန်သောသစ္စာစကားကြောင့် ဂင်္ဂါမြစ်ရေသည် အထက်အညာသို့ ဆန်ပါစေသတည်း။

သစ္စာအကျိုး။

ထိုသစ္စာစကားအဆုံး၌ ဂင်္ဂါမြစ်ရေသည် အသံမြည်ဟည်းပြီး အထက်အညာသို့ ဆန်တက်ခဲ့၏ဟု မိလိန္ဒပဥှာတွင် ဖော်ပြထားပါသည်။၁၃

၁၃။မိလိန္ဒပဥှာပါဠိ။၁၂၆။ မိလိန္ဒမြန်မာပြန်၊ ၁၃၅။

နိုင်ငံ၊ လူမျိုး ဘာသာ မခွဲခြား အကျိုးများ

မြန်မာမှုနယ်မှ ဗုဒ္ဓအဆုံးအမကို မူထား၍ သစ္စာတရား၏ အကျိုးရပုံများကို အတော်အတန်တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုတစ်ဖန် မျက်မှောက်ခေတ်တွင် တွေ့မြင်လွယ်သော ဈေးဆိုင်ငယ်တစ်ခုကို ဥပမာပြု၍ လေ့လာမှုကို ဖော်ပြလိုပါသည်။ အလေးမှန်၊ ဈေးမှန်၊ ပစ္စည်းမှန်ပါသည်ဟု အပြောနှင့်အလုပ် အဟုတ်ညီလျင် ၀ယ်သူများစည်ကားကြောင်း တွေ့ရှိရပါသည်။ ထိုမှန်ကန်မှု အရှည်ခိုင်မာစွာ တည်သည်နှင့် အမျ ရောင်းအားမြင့်တက်လာနိုင်ပါသည်။ ဤသည်မှာ အမှန်၏အစွမ်းသတ္တိ၊အမှန်၏တန်ခိုး၊ အမှန်၏အကျိုးဟု ဆိုရပေမည်။ ထို့ကြောင့် အမှန်တရားဟုဆိုလျင် ကြိုက်သူများသည်မှာ သဘာဝတရားပင်ဖြစ်သည်။ သို့သော်လည်း မမှန်စကားမပါအောင် စွမ်းဆောင်ထိန်းသိမ်းလိုသူကား အလွန်နည်းပါးပါသည်။ အကျိုးများကြောင်း နည်းလမ်းကောင်းများကို ဂဃနဏမသိ၍သာ ကျော်သွားကြသော်လည်း သိလျင် ဖော်စားကြမည် ဖြစ်သည်ဟု ယုံကြည်ပါသည်။

ယင်းသို့ဖြစ်သောကြောင့် နိုင်ငံ၊ လူမျိုး၊ ဘာသာအယူဝါဒ မခွဲခြားဘဲ သစ္စာပျံ့နှံ့ရောက်ပြီး ဖြစ်၏။ သစ္စာအကျိုးများပြားကျယ်ပြောခြင်းရှိ၏ဟု သိရှိနှလုံးသွင်း၍ သစ္စာစောင့်ခြင်းဖြင့် လက်တွေ့ကျကျ အကျိုးရနိုင်ကြောင်း၊ အရာခပ်သိမ်းကို အချိန်နေရာမရွး ၊ ပမာဏမထား၊ လိုတရနိုင်ကြောင်းကြေငြာမောင်းခတ်လိုက်ရပါသည်။ ထိုတို့ဖြစ်၍ အများပြောအမှန် သမ္မုတိသစ္စာကို ကိုယ်စီကိုငှ လတ်တွေ့စမ်းသပ်ခြင်းဖြင့် ကိုတိုင်သိပြီး ထိထိမိမိ ထိန်းစောင့်ကာ အကျိုးရှိကြပါစေသတည်း။ ထိုမှတစ်ဆင့် တရားသဘောအမှန်သို့မဟုတ် မဂ္ဂင်(၈)ပါးဖြင့် တက်လှမ်းကျင့်ကြံကာ ဆင်းရဲခြင်းဘေးအပေါင်းမှ ထာဝရကင်းဝေးကြပါစေသတည်းဟု မေတ္တာခက်ဝေ တောင်းဆုချွေလိုက်ပါသည် သူတော်ကောင်းအပေါင်းတို့။

အောင်ငြိမ်းချမ်း (မန်းတက္ကသိုလ်)

အမှတ် ၁၃၇ / ၁၀၊၃၃ x ၃၄ကြား ၇၅လမ်း

ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး။

ဖုန်း ၀၉- ၂၀၀၁၈၈၀

ကျမ်းကိုစာရင်း

၁။အဘိဓာနပ္ပဒိပိကာကျမ်း

၂။ကထာဝတ္ထုပါဠိတော်

၃။မာဃဒေ၀လင်္ကာ၊ မန်လည်ဆရာတော်

၎။အင်္ဂုလိမာလသုတ်ဋီကာ

၅။သဒ္ဒနီတိကျမ်း

၆။မင်ကွန်းတိပိဋက ဆရာတော်ဘုရားကြီး ဟောပြောချက်

၇။ဇာတက အဠကထာ ၁-၄-၅-၆

၈။စရိယာပိဋက အဠကထာ

၉။မဇ္ဈိမ ပဏ္ဏာသ အဌကထာ

၁၀။မဇ္ဈိမ ပဏ္ဏာသ အဌကထာ

၁၁။သုတ္တနိပါတ်ပါဠိတော်

၁၂။ ခုဒ္ဒကပါဌပါဠိတော်

၁၃။မိလိန္ဒ ပဉ္စာ ပါဠိတော်

၁၄။မိလိန္ဒ မြန်မာပြန်

၁၅။အင်္ဂုတ္တိုရ် ပါဠိတော်၊ မြန်မာပြန်

ထပ်ဆင့်ဒါန

အလုံးစုံသော လှူဒါနတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။ (သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ) ဟု ဘုရားဟောရှိပါသည် ထိုကြောင့် ဤသစ္စာတရားစာအုပ်ငယ်ကို ဓမ္မာနုဂ္ဂဟအဖွဲ့မှ မှာယူ၍ ထပ်ဆင့်ပြီး ဓမ္မဒါန ပြုနိုင်ကြပါကြောင့်း သတင်းကောင်း ပါးလိုက်ပါသည်။

ဦးကျော်ထွန်း
ဥက္က္ကဌ

(ဓမ္မနုဂ္ဂဟအဖွဲ့)

ဖုန်း-09-2001880